Wednesday, May 8, 2024

လက်မဆေးသော ဆရာဝန်များ

နိုဝင်ဘာ-ဒီဇင်ဘာ ၂၀၁၉ ထုတ် ချင်းတွင်းမဂ္ဂဇင်း အမှတ်၉၁မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

၁၈၄၆ခုနှစ် ဝန်းကျင်က ဆရာဝန်တွေမှာ လက်ဆေးတဲ့ အလေ့အထ မရှိခဲ့ကြပါဘူး။ ဒါကြောင့် ဥရောပက နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ သြစတြီးယားနိုင်ငံ၊ ဗီယက်နာမြို့မှာ ရှိတဲ့ ဗီယက်နာဆေးရုံကြီးက ဆရာဝန်တွေ အောက်ထပ်မှာ လူသေအလောင်း ခွဲစိတ်ပြီးရင် အပေါ်ထပ်တက်ပြီးတော့ လက်မဆေးဘဲ ကိုယ်ဝန်ဆောင်တွေကို ကလေးမွေးပေးကြပါတယ်။ 

အဲဒီဖြစ်ရပ်ကို လက်ရှိအချိန်မှာ ပြန်စဉ်းစားကြည့်ရင် နားလည်သူတိုင်းက အတော်လေးကို အသည်းယားစရာ၊ ထိတ်လန့်စရာလို့ ယူဆကြမှာပါ။ ဒါပေမဲ့ အဲဒီအချိန်က ရောဂါပိုးမွှားတွေရဲ့ အကြောင်းကို ဘာမှ မသိနားမလည်ကြသေးတဲ့ ကာလမို့ ဘယ်သူကမှ အလေးမထားကြပါဘူး။ အဲဒီအတွက် ဆုံးရှုံးခဲ့ရတဲ့ အသက်တွေကလည်း မနည်းမနောပါဘဲ။ 

မီးဖွားပြီးကာစ မိခင်တွေ၊ မွေးကင်းစ ကလေးငယ်တွေ သေဆုံးမှုနဲ့ ဆရာဝန်တွေ လက်မဆေးခြင်းရဲ့ ဆက်စပ်နေမှုကို ပထမဆုံး သတိပြုမိသူက ဟန်ဂေရီလူမျိုး ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဒေါက်တာအစ်ဂ်နက်ဆင်မယ်လ်ဝိုက်စ်(Ignaz Semmelweis) ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဆရာဝန်တွေက သိပ္ပံနည်းကျ သင်ကြားလေ့ကျင့်ပေးမှုတွေကို စတင် ရရှိနေကြပြီမို့ မူလက ယုံကြည်ထားခဲ့ကြသလို နာမကျန်း ဖြစ်မှုတွေက မသန့်စင်တဲ့ လေတွေကြောင့် ဖြစ်တာ၊ မကောင်းဆိုးရွားတွေကြောင့် ဖြစ်တာလို့ မတွေးကြတော့ပါဘူး။ သူတို့က ခန္ဓာဗေဒကို ပိုပြီး ကြည့်လာကြပါတယ်။ ဒါကြောင့် လူသေအလောင်းကို ခွဲစိတ်လေ့လာမှုတွေ ပိုပြီး ရှိလာကြပါတယ်။ ကိန်းဂဏန်းတွေ၊ သတင်းအချက်အလက်တွေကိုလည်း ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ အဲဒီဆရာဝန်တွေထဲမှာ ဒေါက်တာဆယ်မယ်လ်ဝိုက်စ်လည်း ပါဝင်ပါတယ်။ 

ဒေါက်တာဆယ်မယ်လ်ဝိုက်စ်ကို ဇူလိုင် ၁ရက် ၁၈၁၈ခုနှစ်မှာ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့မှာ ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်စုမှ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူက အစောပိုင်းမှာ ဗီယက်နာတက္ကသိုလ်မှာ ဥပဒေပညာကို လေ့လာသင်ကြားခဲ့ပြီး ၁၈၃၈ခုနှစ်မှာ ဆေးပညာကို ပြောင်းလဲသင်ကြားခဲ့ပါတယ်။ သူ့ရဲ့ ဆေးပညာသင်ကြားမှုက ၁၈၄၄ခုနှစ်မှာ ပြီးဆုံးခဲ့ပြီး သူက သားဖွားပညာရပ်ကို အထူးပြုလေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၁၈၄၆ခုနှစ်မှာ သူ့ကို ဗီယက်နာဆေးရုံကြီးက သားဖွားဆောင်မှာ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ သူက အဲဒီမှာ အလုပ်လုပ်ရင်း သတင်းအချက်အလက်တွေကို စတင် စုဆောင်းနေခဲ့ပါတယ်။ 

ဒေါက်တာဆယ်မယ်လ်ဝိုက်စ်က သားဖွားဆောင်မှာ ရှိတဲ့ အမျိုးသမီးတွေ မီးတွင်းဖျားဝေဒနာနဲ့ သေဆုံးကြတာ ဘာကြောင့် ဒီလောက်များပြားနေသလဲ ဆိုတာကို အဖြေရှာဖို့ စိတ်ဝင်စားနေခဲ့ပါတယ်။ တကယ်တော့ အဲဒီအချိန်မှာ မီးတွင်းဖျားဝေဒနာလို့ သူတို့ ခေါ်ဆိုကြတာက ကလေးမီးဖွားပြီးချိန်မှာ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါတွေထဲကို ရောဂါပိုး ဝင်တဲ့အတွက် ခံစားကြရတဲ့ ဝေဒနာ ဖြစ်ပါတယ်။ အထူးသဖြင့် သားအိမ်ထဲကို ဘက်တီးရီးယားပိုးတွေ ဝင်ပြီး ဖြစ်ပွားလေ့ရှိပါတယ်။ ယနေ့အချိန်အထိတောင်မှ အဲဒီရောဂါပိုးတွေ သွေးထဲ ရောက်ရှိပြီး အသက်ဆုံးရှုံးရသူတွေ ရှိနေဆဲပါပဲ။ သင့်တော်တဲ့ ရောဂါပိုး သေစေနိုင်တဲ့ ဆေးဝါးတွေကို အချိန်မီ မရရှိခဲ့ရင် အသက်ဆုံးရှုံးဖို့ အခွင့်အလမ်းများပြားတဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ရောဂါပိုးမွှားတွေ အကြောင်းကို ဘာမှ ဟုတ်တိပတ်တိ မသိကြသေးတဲ့ ကာလတစ်ခု ဖြစ်တာမို့ ဖြစ်နိုင်ခြေတွေကို အတော်လေး ခက်ခက်ခဲခဲ စဉ်းစားခဲ့ရပါတယ်။ 

သူက ဆေးရုံမှာ ရှိတဲ့ သားဖွားဆောင် နှစ်ဆောင်ကို နှိုင်းယှဉ် လေ့လာခဲ့ပါတယ်။ တစ်ဆောင်က အမျိုးသားဆရာဝန်တွေနဲ့ ဆေးကျောင်းသားတွေရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိပါတယ်။ တစ်ဆောင်က သားဖွားဆရာမတွေရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိပါတယ်။ 

ရလာတဲ့ ကိန်းဂဏန်းတွေကို တွက်ချက်ကြည့်လိုက်ချိန်မှာ အမျိုးသားဆရာဝန်တွေနဲ့ ဆေးကျောင်းသားတွေရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိနေတဲ့ သားဖွားဆောင်က အမျိုးသမီးတွေက သားဖွားဆရာမတွေရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိနေတဲ့ အမျိုးသမီးတွေထက် သေဆုံးမှု ငါးဆဝန်းကျင် ပိုများနေတာကို တွေ့ရပါတယ်။ 

အဲဒါက ဘာကြောင့် ဖြစ်နိုင်တယ်ဆိုတာကို သူက အဖြေရှာနေခဲ့ပါတယ်။ စတင် သတိပြုမိတာက သားဖွားဆရာမတွေ ရှိတဲ့ အဆောင်က အမျိုးသမီးတွေက ကလေးမွေးချိန်မှာ ဘေးတစောင်း အနေအထားနဲ့ မွေးကြပြီး အမျိုးသားဆရာဝန်တွေနဲ့ ဆေးကျောင်းသားတွေ ရှိတဲ့ အဆောင်က အမျိုးသမီးတွေက ကလေးမွေးချိန်မှာ ပက်လက်အနေအထားနဲ့ မွေးကြပါတယ်။ အဲဒါကို ပြုပြင်လိုက်ပေမယ့် ဘာမှ သက်ရောက်မှု မရှိပါဘူး။

နောက်ထပ် သတိပြုမိတာက တစ်စုံတစ်ယောက်က မီးတွင်းဖျားဝေဒနာနဲ့ သေဆုံးချိန်တိုင်းမှာ ဘုန်းတော်ကြီး တစ်ပါးက ဆရာဝန်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိတဲ့ သားဖွားဆောင်ကို ဖြည်းဖြည်းချင်း ဖြတ်လျှောက်ပါတယ်။ သူက အမျိုးသမီးတွေရဲ့ ခုတင်တွေကိုလည်း ဖြတ်သန်းသွားပါတယ်။ အဲဒီအချိန်မှာ သူ့လက်ထောက်တစ်ဦးက ခေါင်းလောင်းကို လှုပ်ခါနေခဲ့ပါတယ်။ အဲဒီခေါင်းလောင်းသံက အမျိုးသမီးတွေကို ကြောက်ရွံ့ထိတ်လန့်စေတဲ့အတွက် မီးတွင်းဖျားဝေဒနာကို ခံစားရပြီး နေမကောင်းဖြစ်တာ၊ သေဆုံးတာ ဖြစ်နိုင်တယ်လို့ သူက သီအိုရီ ထုတ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းကို ပြောင်းစေပြီး အဲဒီခေါင်းလောင်းကို ဖယ်ရှားလိုက်ပေမဲ့ ဘာမှ မထူးပါဘူး။ 

အဲဒီအချိန်မှာ သူက စိတ်ပျက်လက်ပျက် ဖြစ်လာပါတယ်။ 

ဒါကြောင့် အလုပ်က ခွင့်ယူပြီး အီတလီနိုင်ငံက ဗင်းနစ်မြို့ကို အလည်သွားခဲ့ပါတယ်။ အနားယူမှုနဲ့ အနုပညာခံစားမှုတွေက သူ့ဦးနှောက်ကို ကြည်လင်စေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ 

သူ ဆေးရုံကို ပြန်ရောက်ချိန်မှာ ဝမ်းနည်းစရာ ကောင်းတဲ့ သတင်းတစ်ခုက သူ့ကို စောင့်ကြိုနေပါတယ်။ သူ့လုပ်ဖော်ကိုင်ဖက် ရောဂါဗေဒပညာရှင် ဆရာဝန်တစ်ဦး နေမကောင်း ဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီဆရာဝန်က မီးတွင်းဖျား ဝေဒနာနဲ့ သေဆုံးခဲ့သူတစ်ဦးရဲ့ အလောင်းကို ခွဲစိတ်နေစဉ်မှာ သူ့ရဲ့ လက်ကို ထိခိုက်မိခဲ့တာပါ။ အဲဒီနောက်မှာတော့ သူကိုယ်တိုင် အလွန်အမင်း နာမကျန်း ဖြစ်လာပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ 

သူက ရောဂါဗေဒပညာရှင် ဆရာဝန် ခံစားခဲ့ရတဲ့ ရောဂါလက္ခဏာတွေကို လေ့လာကြည့်တော့ အဲဒါက သူ ခွဲစိတ်ခဲ့တဲ့ အမျိုးသမီး ခံစားခဲ့ရတဲ့ ရောဂါလက္ခဏာတွေနဲ့ အတူတူ ဖြစ်နေတာကို သတိပြုမိပါတယ်။ အဲဒီမှာ မီးတွင်းဖျား ဝေဒနာဟာ ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေမှာသာ ခံစားရတဲ့ ဝေဒနာ မဟုတ်ဘဲ အခြားဘယ်သူတွေမှာမဆို ဖြစ်နိုင်တဲ့ ဝေဒနာ ဖြစ်တယ်လို့ သိရှိသဘောပေါက်သွားခဲ့ပါတယ်။ 

ဒါပေမဲ့ အဲဒါက ဆရာဝန်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတဲ့ အမျိုးသမီးတွေက သားဖွားဆရာမတွေရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိနေတဲ့ အမျိုးသမီးတွေထက် ဘာကြောင့် အသေအပျောက် ပိုများရသလဲ ဆိုတဲ့ သူ့ရဲ့ မူလမေးခွန်းရဲ့ အဖြေကို မပေးနိုင်ခဲ့ပါဘူး။ 

ရောဂါဗေဒပညာရှင် ဆရာဝန်ရဲ့ သေဆုံးမှုက သူ့ကို သဲလွန်စတော့ ပေးခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ လူနာဆောင်နဲ့ သားဖွားဆရာမတွေရဲ့ လူနာဆောင်ကြားက အလွန်ကို ကြီးမားတဲ့ ကွဲပြားခြားနားမှုက ဆရာဝန်တွေက လူသေအလောင်းတွေကို ခွဲကြပြီး သားဖွားဆရာမတွေက လူသေအလောင်းတွေကို မခွဲကြပါဘူး။ 

ရုပ်အလောင်းတွေထဲက အမှုန်အမွှားတွေက အလောင်းခွဲသူတွေရဲ့ လက်ထဲမှာ ကပ်ပါသွားပြီး အဲဒါတွေက ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေထံကို ရောက်ရှိသွားတဲ့အတွက် အမျိုးသမီးတွေ ဝေဒနာ ခံစားရပြီး သေဆုံးသွားကြတာလို့ သူက သီအိုရီထုတ်ပါတယ်။ 

သူ့အထင် မှန်တယ် ဆိုရင် အဲဒီ အမှုန်အမွှားတွေကို ဖယ်ရှားလိုက်ခြင်းက မီးတွင်းဖျား ဝေဒနာကြောင့် သေဆုံးမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ 

သူက သူ့ရဲ့ ဆေးဝန်ထမ်းတွေကို သူတို့ရဲ့ လက်တွေနဲ့ ပစ္စည်းကိရိယာတွေကို ဆေးကြောဖို့ ညွှန်ကြားပါတယ်။ ဆပ်ပြာနဲ့တင် မဟုတ်ဘဲ ကလိုရင်းရည်နဲ့ပါ ဆေးကြောဖို့ ဖြစ်ပါတယ်။ ကလိုရင်းရည်က အဲဒီအချိန်မှာ ရှိခဲ့တဲ့ ပိုးသတ်ဆေးတွေထဲက အကောင်းဆုံး ပိုးသတ်ဆေး ဖြစ်ကြောင်း ဒီနေ့ ဒီအချိန်မှာ သိနေကြပါပြီ။ ဒါပေမဲ့ သူက အဲဒီအချိန်မှာ ရောဂါပိုးမွှားတွေအကြောင်းကို ဘာမှ မသိပါဘူး။ ကလိုရင်းကို အသုံးပြုခိုင်းတာက လူသေအလောင်းကို ကိုင်ထားရာက ရလာခဲ့တဲ့ အနံ့အသက်တွေ ပျောက်သွားအောင်လို့သာ ဖြစ်ပါတယ်။ 

အဲဒီလို စတင်ဆောင်ရွက်တဲ့ အချိန်က စလို့ မီးတွင်းဖျားဝေဒနာနဲ့ သေဆုံးမှုက သိသိသာသာကြီး လျော့ကျသွားခဲ့ပါတယ်။ သူတွေ့ရှိခဲ့တာက ယနေ့အထိ မှန်ကန်နေဆဲ ဖြစ်တဲ့ အရာတစ်ခုပါ။ လက်ဆေးခြင်းက ပြည်သူ့ကျန်းမာရေးအတွက် အရေးအကြီးဆုံး ဆောင်ရွက်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ လက်ဆေးခြင်းက ကလေးတွေကို တုပ်ကွေး မမိအောင် အကူအညီ ပေးနိုင်ပါတယ်။ ရောဂါပိုးတွေ မပျံ့ပွားအောင်၊ ကူးစက်ရောဂါတွေကို ထိန်းချုပ်ဟန့်တားနိုင်အောင် အကူအညီပေးပါတယ်။ 

သူက ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါပြီ။ အဲဒီတော့ အားလုံးက ဝမ်းမြောက်ပျော်မြူးနေကြမယ်လို့ ထင်ကောင်းထင်မိကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာ အဲဒီလို မဖြစ်ခဲ့ပါဘူး။

ဆရာဝန်တွေက စိတ်မကောင်း ဖြစ်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒေါက်တာဆင်မယ်လ်ဝိုက်စ်ရဲ့ အယူအဆ မှန်တယ် ဆိုရင် သူတို့က အမျိုးသမီးတွေကို မီးတွင်းဖျား ဝေဒနာကို ပေးနေသူတွေ ဖြစ်နေတာကိုး။ အဲဒါက သူတို့ရဲ့ အတ္တနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ 

ဒေါက်တာဆင်မယ်လ်ဝိုက်စ်ကလည်း မပါးနပ်ခဲ့ပါဘူး။ သူနဲ့ သဘောထားချင်း မတိုက်ဆိုင်သူတွေကို လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့ပါတယ်။ သူက သြဇာသက်ရောက်မှု ရှိတဲ့ ရန်သူတွေကို မွေးမိခဲ့ပါတယ်။ 

နောက်ဆုံးမှာတော့ ဆရာဝန်တွေက ကလိုရင်းနဲ့ လက်ဆေးတာကို ရပ်တန့်ပြီး ဒေါက်တာဆင်မယ်လ်ဝိုက်စ်က အလုပ်က ထွက်ခဲ့ရပါတယ်။ 

ဒေါက်တာဆင်မယ်လ်ဝိုက်စ်က အခြား ဥရောပမှာ ရှိနေတဲ့ ဆရာဝန်တွေကို ကလိုရင်းနဲ့ လက်ဆေးဖို့ လိုအပ်ကြောင်း နားလည်သဘောပေါက်အောင် ကြိုးစားပေမဲ့ ဘယ်သူကမှ သူ့စကားကို နားမထောင်ကြပါဘူး။ 

စိတ်မကောင်းစရာ အဆုံးသတ်က ၁၈၆၅ ခုနှစ်၊ သူအသက် ၄၇နှစ် အရွယ်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ချို့ယွင်းလာမှုကြောင့် သူ့ကို စိတ်ဝေဒနာရှင်တွေ ထားတဲ့ ခိုလှုံရာကို ပို့ခဲ့ကြပါတယ်။ အဲဒီမှာ အစောင့်တွေရဲ့ ရိုက်နှက်မှုကို ခံရတယ်၊ ရရှိတဲ့ ဒဏ်ရာတွေကတစ်ဆင့် ရောဂါပိုး ဝင်ခဲ့တယ်လို့ ယူဆရပါတယ်။ နောက်ဆုံးမှာ သူက သူ တားဆီးကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ ရောဂါပိုးတွေ သွေးထဲ ရောက်ရှိတဲ့ ဝေဒနာကို ကိုယ်တိုင် ကြုံတွေ့ခံစားရပြီး အဲဒါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ 

နောက်ပိုင်းမှာ ရောဂါပိုးမွှားတွေကြောင့် အချို့သော ရောဂါဝေဒနာတွေ ဖြစ်ပွားတယ် ဆိုတဲ့ သီအိုရီကို လူအများ လက်ခံလာကြပါတယ်။ အဲဒီအချိန်ကျမှ သူ့ရဲ့ ဆောင်ရွက်မှုတွေကို အပြုသဘော စတင် မြင်လာကြတာ ဖြစ်ပါတယ်။ သူ သေဆုံးပြီး အနှစ်နှစ်ဆယ်ကျော် ကြာတဲ့ အချိန်ကာလကျမှ သူ ဆောင်ရွက်ခဲ့တာတွေကို လူတွေက စတင် အသိအမှတ် ပြုလာကြပါတယ်။ အခုအချိန်မှာ သူ့ကို “မိခင်များကို ကယ်တင်သူ” အနေနဲ့ အောက်မေ့သတိရကြပါတယ်။ အထောက်အထား အသစ်တွေ၊ အသိတရား အသစ်တွေကို လက်မခံဘဲ ငြင်းပယ်တဲ့ အလိုအလျောက် တုံ့ပြန်မှုတွေကိုလည်း သူ့ရဲ့ အမည်နဲ့ တွဲပြီး “ဆင်မယ်လ်ဝိုက်စ် အလိုအလျောက် တုံ့ပြန်မှု”ရယ်လို့ ခေါ်ဝေါ်သုံးစွဲလာကြပါတယ်။ 

တစ်ခါတစ်ရံမှာ ပြဿနာတွေရဲ့ အဖြေက အနီးအနားမှာ လွယ်လွယ်ကူကူကလေးပဲ ရှိနေပါတယ်။ အထောက်အထားတွေကလည်း မြင်သာထင်ရှားပါတယ်။ ဒါပေမဲ့ သြဇာသက်ရောက်မှု မြင့်မားသူတွေက အဲဒီအဖြေတွေကို ငြင်းပယ်ကြတဲ့အတွက် ဖြေရှင်းနိုင်ပါလျက်နဲ့ အခက်အခဲတွေကို ဆက်လက်ပြီး ရင်ဆိုင်နေရတတ်ပါတယ်။ မဆုံးရှုံးသင့်တဲ့ အသက်တွေလည်း ဆက်ပြီး ဆုံးရှုံးနေရတတ်ပါတယ်။ ဒေါက်တာ ဆင်မယ်လ်ဝိုက်စ်ရဲ့ အဖြစ်အပျက်လို သမိုင်းတွင်ကျန်ခဲ့တဲ့ ကြီးမားတဲ့ သက်သေသာဓကတွေက ကျွန်မတို့ကို စဉ်းစားစရာတွေ အများကြီး ပေးပါတယ်။ 

ကျွန်မ အနေနဲ့ အလားတူ မြင်နေ၊ ကြုံနေရတဲ့ ဖြစ်ရပ်တွေကို ပါဝင်ဖြေရှင်းမှုတွေမှာ ဒေါက်တာဆင်မယ်လ်ဝိုက်စ်လို အဖြစ် မခံချင်ဘူး ဆိုတာမျိုး တစ်ဖက်က တွေးမိသလို၊ အခြားတစ်ဖက်ကလည်း ကယ်တင်လို့ ရနိုင်ပါလျက်နဲ့ မိခင်တွေ သေဆုံးရသလို အနေအထားမှာ ရှိနေတဲ့ ကိစ္စရပ်တွေအတွက် ဒီအတိုင်း ပါးစပ်ပိတ်ပြီး ထိုင်ကြည့်နေဖို့ မဖြစ်နိုင်ဘူးလို့လည်း စဉ်းစားမိပါတယ်။ အများညီလို့ ကြည်ဖြူစွာ လွဲမှားနေကြတဲ့ ကိစ္စရပ်တွေကို ထောက်ပြပြောဆိုမှုက မိမိအတွက် အန္တရာယ် ကြီးမားလှပေမဲ့ ဆောင်ရွက်ဖို့ အလွန်ကို လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ အဖက်ဖက်က မျှတအောင် လိမ္မာပါးနပ်စွာ ချိန်ညှိဆောင်ရွက်နိုင်ရင် အကောင်းဆုံး ဖြစ်ပေမဲ့ အဲဒီလို ပြုလုပ်နိုင်ဖို့က အမြဲတမ်း မလွယ်ကူလှပါဘူး။ 

တစ်ချိန်က လက်မဆေးခဲ့ကြတဲ့ ဆရာဝန်တွေရဲ့ ဖြစ်ရပ်က စာဖတ်သူတွေအတွက်လည်း တစ်စုံတစ်ရာ အတွေပွားစေမယ်လို့ ယူဆရင်း ပြန်လည်မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်။

ကျွန်း

(Ref: https://www.pastmedicalhistory.co.uk/ignaz-semmelweis-the-saviour-of-mothers/

https://www.npr.org/sections/health-shots/2015/01/12/375663920/the-doctor-who-championed-hand-washing-and-saved-women-s-lives)