Wednesday, May 8, 2024

အမျိုးသမီးများနှင့် မီဒီယာ

သြဂုတ်လ ၂၀၁၆ထုတ် RAINFALL မဂ္ဂဇင်း Issue 5 မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

တစ်ချိန်က အမျိုးသမီး သတင်းထောက်ဆိုတာ မြန်မာနိုင်ငံမှာ အလွန် ရှားပါးတဲ့ ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ခဲ့ဖူးပါတယ်။ ယခုအချိန်မှာ အမျိုးသမီး သတင်းထောက် များစွာကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ တွေ့မြင်နေကြရပါပြီ။ မြင်ချင်တဲ့ အနေအထား အတိုင်းအတာအထိ မရောက်သေးပေမယ့် ဒါက အလွန်ကို ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုလို့ ပြောလို့ ရပါတယ်။ မီဒီယာထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေ ရှိခြင်းက သတင်းဖော်ပြချက်တွေမှာ အမျိုးသမီးတွေရဲ့ ကွဲပြားတဲ့ ရှုထောင့် အမြင်တွေကို ထင်ဟပ်စေတဲ့အပြင် အမျိုးသမီးတွေရဲ့ အကြောင်းကို မီဒီယာထဲမှာ ဖော်ပြရာမှာလဲ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။


မီဒီယာထဲမှာ ဖော်ပြနေတဲ့ သတင်းအချက်အလက်တွေကို မီဒီယာမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေက ဘယ်လို သက်ရောက်မှု ရှိသလဲ ဆိုတဲ့ အကြောင်းကို စာနယ်ဇင်းနည်းပညာနှင့် အမျိုးသမီးများ နှီးနှောဖလှယ်ခြင်းအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်ခဲ့သူ မီဂန်ကမ်မာရစ်ခ်က ၂၀၁၁ ခုနှစ်က သူမရဲ့ TEDဟောပြောချက်ထဲမှာ ပြောဆို ရှင်းပြခဲ့ပါတယ်။ ပြောပြပေးခဲ့တာက အမေရိကန်နိုင်ငံမှာ ရှိတဲ့ သတင်းမီဒီယာတွေရဲ့ ပုံရိပ် အနေအထား ဖြစ်ပေမယ့် ကျွန်မတို့ နိုင်ငံနဲ့လဲ များစွာ သက်ဆိုင်မှု ရှိတယ်လို့ ယူဆမိတဲ့အတွက် ဆီလျော်အောင် ပြန်ဆိုပေးလိုက်ပါတယ်။

***

အခြား ဂျာနယ်လစ်အများစုလိုပါပဲ။ ကျွန်မက အကောင်းဆုံး၊ အမြင့်ဆုံးဖြစ်နိုင်တဲ့ အနေအထားကို မျှော်လင့်တတ်သူ ဖြစ်ပါတယ်။ ကျွန်မက ကောင်းမွန်တဲ့ ဇာတ်လမ်းတွေကို ရှာဖွေရတာ နှစ်သက်မြတ်နိုးပါတယ်။ အထူးသဖြင့် ဘယ်သူမှ မပြောပြရသေးတဲ့ ဇာတ်လမ်းမျိုးတွေကိုပါ။ ၂၀၁၁ ခုနှစ်မှာတော့ အမျိုးသမီးတွေရဲ့ ဇာတ်လမ်းတွေက အဲဒီခေါင်းစဉ်အောက်ထဲမှာ ရောက်ရှိနေဆဲ ဖြစ်မယ်လို့ ထင်ပါတယ်။

ကျွန်မက စာနယ်ဇင်းနည်းပညာနှင့် အမျိုးသမီးများ နှီးနှောဖလှယ်ခြင်းအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ကျွန်မက အဲဒီကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်က စတင် ဝင်ရောက်ခဲ့တာပါ။ ဘာကြောင့် ဝင်ရောက်ခဲ့သလဲ ဆိုတော့ စံပြ အမျိုးသမီးပုဂ္ဂိုလ်တွေကို လိုချင်လို့ပါ။ ကျွန်မတို့ရဲ့ အသက်မွေးမှု နယ်ပယ်မှာ အမျိုးသမီးတွေ နောက်မှာ ရောက်နေတဲ့ အနေအထားနဲ့ အဲဒီအတွက်ကြောင့် ဖြစ်ပေါ်နေတဲ့ မီဒီယာထဲက အမျိုးသမီးတွေရဲ့ ပုံရိပ်တွေက ကျွန်မ မခံချိမခံသာ ဖြစ်စေခဲ့ရာကနေပါ။ ကျွန်မတို့ အမျိုးသမီးတွေက ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက် ရှိပါတယ်။ ဒါပေမယ့် သတင်းဇာတ်လမ်းတွေထဲမှာ ကောက်နုတ်ပြောဆို ဖော်ပြခံရတာတွေထဲမှာ အမျိုးသမီးတွေရဲ့ အကြောင်း ၂၄%ပဲ ပါပါတယ်။ ပညာရှင် အမျိုးသမီးတွေအနေနဲ့ ကောက်နုတ်ပြောဆိုဖော်ပြခံရတာက ပညာရှင်တွေကို မီဒီယာထဲမှာ ဖော်ပြမှု စုစုပေါင်းရဲ့ ၂၀%ပဲ ရှိပါတယ်။

ဒါ့အပြင် ဒီနေ့ခေတ်ရဲ့ နည်းပညာတွေအရ အမျိုးသမီးတစ်ဦးကို ရုပ်ပုံတွေထဲကနေ လုံးဝကို ဖျောက်ပစ်လိုက်လို့ ရပါတယ်။ အိုစမာဘင်လာဒင်ကို သတ်တဲ့ ကိစ္စမှာ စောင့်ကြည့်နေတဲ့ သမ္မတ ဘားရက်အိုဘားမားနဲ့ သူ့ရဲ့အကြံပေးပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံမှာ ဟီလာရီကလင်တန် ပါရှိပါတယ်။ ဘရွတ်ကလင်မှာ ရုံးစိုက်တဲ့ အော်သိုဒေါ့စ်ဂျူးသတင်းစာက ဒီဓာတ်ပုံကို ထည့်သွင်း အသုံးပြုရာမှာတော့ ဟီလာရီက ဓာတ်ပုံထဲမှာ လုံးဝကို မရှိတော့ပါဘူး။ သတင်းစာက တောင်းတော့ တောင်းပန်ပါတယ်။ ဒါပေမယ့် သူတို့က အမျိုးသမီးတွေရဲ့ ရုပ်ပုံကို ဘယ်တော့မှ ထည့်သွင်း အသုံးမပြုဘူးလို့ ဆိုပါတယ်။ အမျိုးသမီးတွေရဲ့ရုပ်ပုံတွေက လိင်မှုဆိုင်ရာ လှုံ့ဆော်နှိုးဆွမှုတွေ ဖြစ်စေနိုင်လို့ပါတဲ့။

ဒါကတော့ အစွန်းရောက်တဲ့ ကိစ္စရပ် တစ်ခုပါ။ ဒါပေမယ့် တကယ်တမ်းမှာလဲ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ သတင်းတွေမှာ အမျိုးသမီးတွေက ၁၉% ပဲ ပါဝင်ကြပြီး စီးပွားရေးဆိုင်ရာ သတင်းတွေမှာ ၂၀% ပဲ ပါဝင်ကြပါတယ်။ သတင်းတွေက လုပ်ငန်းပေါင်းစုံမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အရေအတွက် များစွာ ရှိနေတယ် ဆိုတဲ့ ပုံရိပ်ကို ပြသပေးနေပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ အိမ်ထောင်ရှင်မတွေက လွဲရင်ပေါ့။

အဲဒီတော့ ကျွန်မတို့က တကယ် ဖြစ်နေတဲ့ အနေအထားနဲ့ ကွာဟလွဲချော်နေတဲ့ ပုံရိပ်တွေကို ရရှိနေကြပါတယ်။ ပြဿနာက သတင်းပေးပို့ရာ နေရာတွေမှာ အမျိုးသမီးတွေ လုံလောက်စွာ ရှိမနေခြင်းပါပဲ။ ပုံနှိပ်မီဒီယာတွေမှာ အမျိုးသမီးမီဒီယာသမားတွေက သတင်းတွေရဲ့ ၃၇%ကိုပဲ ပေးပို့ကြတာ တွေ့ရပါသတဲ့။ ကျား-မ အခြေပြု အကြမ်းဖက်မှုလို သတင်းပေးပို့ချက်မျိုးမှာတောင် အမျိုးသား မီဒီယာသမားတွေက ပုံနှိပ်မီဒီယာမှာရော၊ ရုပ်သံလွှင့်ချိန်တွေမှာပါ အလွန်များပြားစွာ နေရာယူထားကြပါတယ်။

ဒီနှစ် မတ်လထုတ် နယူးရောက်တိုင်းမ် သတင်းစာမှာ ဂျိမ်းမက်ကင်လီက တက္ကဆက်မြို့ငယ်ကလေးက ၁၁နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း ခံခဲ့ရတဲ့ သတင်းကို ရေးသားခဲ့ပါတယ်။ မက်ကင်လီက အဲဒီဒေသခံတွေဟာ “ဘယ်လို အရာကများ သူတို့ဆီက ယောက်ျားလေးတွေကို ဒီလို ဖြစ်သွားစေခဲ့ပါလိမ့်” လို့ တွေးတောနေကြတယ်လို့ ရေးသားခဲ့ပါတယ်။ “ဒီလို ဖြစ်သွားစေခဲ့ပါလိမ့်”ဆိုတဲ့ စကားက အကြမ်းဖက်မှု ကျူးလွန်စေဖို့ သူတို့ကို တစ်စုံတစ်ခုက ဖြားယောင်းသွေးဆောင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်စေပါတယ်။ သူ ဖော်ပြတဲ့ ကောက်နုတ်ချက်တစ်ခုမှာ “ဒီယောက်ျားလေးတွေကတော့ ဒီကိစ္စရပ်ကို တစ်သက်လုံး ခံစားနေရတော့မှာပဲ” လို့ ပါရှိခဲ့ပါတယ်။ ထိခိုက်ခံစားလိုက်ရတဲ့ ၁၁နှစ်အရွယ် မိန်းကလေးငယ် အကြောင်းကို သင် ဘာမှ ဖတ်ရမှာ မဟုတ်ပါဘူး။ သူမက သူမ အသက်အရွယ်ထက် ပိုကြီးသူတွေသာ ဝတ်သင့်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ထားပြီး မိတ်ကပ်လိမ်း ထားတယ် ဆိုတာက လွဲရင်ပေါ့။

နယူးရောက်တိုင်းမ်သတင်းစာက စာဖတ်သူတွေထံက ဝေဖန်ချက်တွေ အများကြီး ရရှိခဲ့ပါတယ်။ အစပိုင်းမှာ သူတို့က “ဒါက ငါတို့ရဲ့အမြင်မဟုတ်ဘူး၊ သတင်းပေးပို့ချက်တွေထဲက ရလာတာတွေ”လို့ ပြောပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါတယ်။ ဒါက ကျွန်မတို့ သိပြီးသား လျှို့ဝှက်ချက်ပါ။ သတင်းဇာတ်လမ်းတွေက တည်ဆောက်ယူတာပါ။ သတင်းသမားတွေ အနေနဲ့ ကျွန်မတို့က သုတေသနတွေ ပြုလုပ်တယ်၊ တွေ့ဆုံမေးမြန်းတယ်၊ အစစ်အမှန်ရဲ့  ပုံရိပ်ကောင်းတစ်ခုကို ပေးပို့ဖို့ ကြိုးစားကြပါတယ်။ သတင်း ပေးပို့သူတွေ ကိုယ်တိုင်မှာ မသိစိတ်က ဘက်လိုက်ခြင်းတွေ ရှိကြပါတယ်။ ဒါပေမယ့် နယူးရောက်တိုင်းမ်သတင်းစာက ဘယ်သူမဆို ဒီသတင်းဇာတ်လမ်းကို ပုံစံတစ်ခုတည်း အနေနဲ့ သတင်းပို့ကြမှာပဲဆိုတဲ့ အနေအထားမျိုးနဲ့ ပြောပါတယ်။ ကျွန်မက အဲဒါကို သဘောမတူပါဘူး။

သုံးပတ်အကြာမှာ နယူးရောက်တိုင်းမ်သတင်းစာက အဲဒီဇာတ်လမ်းကို ပြန်ရေးပါတယ်။ အဲဒီအချိန်မှာတော့ မက်ကင်လီနဲ့ အတူ အမျိုးသမီးသတင်းထောက် အဲရစ်ကာဂွတ်ကပါ ပါဝင်ရေးသားခဲ့ပါတယ်။ အဲဒီတော့မှ ထိခိုက်ခံစားရသူ မိန်းကလေးငယ်နဲ့ သူမရဲ့  မိသားစု ဆင်းရဲတွင်းထဲမှာ ပိတ်မိနေတဲ့ အလွန် စိတ်မကောင်းစရာ၊ ထိတ်လန့်စရာ ဇာတ်လမ်း ပေါ်ထွက်လာပါတယ်။ သူမကို ယောက်ျားတွေက အကြိမ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့ကြတာပါ။ သူမက အရင်က ထက်မြက်ပြီး ပျော်ပျော်နေတတ်တဲ့ ကောင်မလေး တစ်ယောက်ပါ။ သူမရဲ့ ခန္ဓာကိုယ်က လျင်မြန်စွာ ဖွံ့ဖြိုးနေပေမယ့် သူမရဲ့ အိပ်ရာထဲမှာ အဆာသွတ်ထားတဲ့ တိရစ္ဆာန်ရုပ်ကလေးတွေနဲ့ ပြည့်နေတုန်းပါ။ အဲရစ်ကာဂွတ်ရဲ့ ဖြည့်စွက်မှုတွေက အဲဒီဇာတ်လမ်းကို ပိုမိုပြည့်စုံသွားစေပုံ ရပါတယ်။ "တစ်ကမ္ဘာလုံးဆိုင်ရာ မီဒီယာများကို စောင့်ကြည့်ခြင်း စီမံချက်"ရဲ့ လေ့လာဆန်းစစ်မှုမှာ အမျိုးသမီး သတင်းထောက်တွေဟာ အမျိုးသား သတင်းထောက်တွေထက် တရားသေသတ်မှတ်ချက်တွေကို စိန်ခေါ်ဖို့ အခွင့်အလမ်းပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။

အီလင်းဘမ်ဂါတယ်လ်က အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်တဲ့ အကြောင်း ဘွဲ့လွန်သုတေသနကို အမေရိကန်နိုင်ငံ၊ အယ်လ်ဘာကာကီမြို့က KUNM သတင်းဌာနမှာ ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ သုတေသန ပြုချက်အရ သတင်းဇာတ်လမ်း အတော်များများဟာ ထိခိုက်ခံစားရသူတွေကို အပြစ်တင်ထားပြီး အဲဒီအမျိုးသမီးတွေရဲ့ဘဝကို တန်ဖိုး မရှိသလို ရေးသားထားကြောင်း တွေ့ရှိခဲ့ပါတယ်။ ဖြစ်ရပ်နောက်ခံ အကြောင်းတွေ မပါဝင်ဘဲ သတင်းဇာတ်လမ်းကို စိတ်လှုပ်ရှားစရာ၊ လိင်စိတ်နိုးကြွစရာ ပုံစံမျိုးနဲ့ ရေးသားထားတာတွေကိုလဲ တေ့ွရပါတယ်။ သူမက သူမရဲ့ သုတေသနမှာ သတင်းရေးသားတဲ့ ပုံစံတွေ၊ တရားသေသတ်မှတ်ချက်တွေကို စိန်ခေါ်ခဲ့ပါတယ်။ ပြင်ပက ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ သတင်းရေးသား တင်ပြသူတွေရဲ့ အတွင်းစိတ်က ဘက်လိုက်မှုတွေ၊ ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းတွေ အပေါ်မှာ သတင်းသမားတွေ ကြုံရတဲ့ စိန်ခေါ်မှုတွေကို ပြသဖို့ ကြိုးစားခဲ့ပါတယ်။ သူမက နေရှင်နယ်ပါးဘလစ်ရေဒီယိုက အမျိုးသမီး အယ်ဒီတာတစ်ဦးနဲ့ အတူတူ အလုပ်လုပ်ပြီး အဲဒီအကြောင်း သတင်းဇာတ်လမ်းကို တစ်နိုင်ငံလုံးကို လွှင့်ခွင့်ရဖို့ ကြိုးစားခဲ့ပါတယ်။

သတင်းမီဒီယာတွေထဲက ဖော်ပြချက်တွေမှာ အမျိုးသမီးတွေကို သားကောင်တွေ အဖြစ် အမျိုးသားတွေထက် ၂ဆ ပိုမို ဖော်ပြကြပါတယ်။ အမျိုးသမီးတွေကို သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ပိုပြီး ရည်ညွှန်းသတ်မှတ် ကြပါတယ်။ ဝိုင်ယာမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၁၀ထုတ်မှာ အမျိုးသမီး တစ်ဦးရဲ့ ရင်သားတွေကို မျက်နှာဖုံး တင်ထားပါတယ်။ အဲဒါက ရင်သားတစ်သျှူး တည်ဆောက်တဲ့ နည်းပညာအကြောင်းပါ ပါတဲ့လပါတဲ့။

ဝိုင်ယာမဂ္ဂဇင်းက သူ့မျက်နှာဖုံးမှာ အမျိုးသမီးပုံတွေကို မတင်သလောက်ပါပဲ။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တက္ကဆက်တက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးဖြစ်သူ စင်ဒီရိုင်ယယ်က သူမရဲ့ ဘလော့ဂ်ထဲမှာ သူမ တပည့်တွေလို အမျိုးသမီးငယ်လေးတွေ အနေနဲ့ နည်းပညာနယ်ပယ်မှာ သူတို့ရဲ့ နေရာက ဘယ်လို ရှိတယ်လို့ မြင်ကြ၊ ခံစားကြလေရမလဲလို့ ရေးခဲ့ပါတယ်။ ဝိုင်ယာမဂ္ဂဇင်း အယ်ဒီတာ ခရစ်အန်ဒါဆင်က မျက်နှာဖုံး တစ်ခုကို ရောင်းနိုင်လောက်အောင်၊ အကြောင်းအရာ တစ်ရပ်ကို ရောင်းနိုင်လောက်အောင် ထင်ရှားတဲ့ အမျိုးသမီးတွေ နည်းပညာနယ်ပယ်မှာ အလုံအလောက် ရှိမနေဘူးလို့ သူ့ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ခဲ့ပါတယ်။ အဲဒီစကားက တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်။ နည်းပညာနယ်ပယ်မှာ ထင်ရှားတဲ့ အမျိုးသမီးတွေ သိပ်မရှိပါဘူး။

အဲဒီအကြောင်းပြချက်နဲ့ ပတ်သက်ပြီး ကျွန်မမှာ ပြဿနာ ရှိပါတယ်။ နေ့စဉ်နဲ့ အမျှ ဘာတွေက အရေးကြီးတယ် ဆိုတာကို မီဒီယာတွေက သူတို့ ရွေးချယ်တဲ့ ဇာတ်လမ်းတွေ၊ အဲဒီဇာတ်လမ်းတွေကို ထည့်သွင်းတဲ့ နေရာတွေကနေ ပြောပြနေပါတယ်။ ဖေ့စ်ဘွတ်နဲ့ ဂူဂယ်လ်ကို စတင်တည်ထောင်ခဲ့ ကြသူတွေကို သူတို့မျက်နှာတွေ မဂ္ဂဇင်း မျက်နှာဖုံးတွေမှာ ပါမလာခင် လူဘယ်နှစ်ယောက် သိခဲ့ကြပါသလဲ။ မျက်နှာဖုံးမှာ ထည့်သွင်းခြင်းက သူတို့ကို ပိုပြီး လူသိများလာစေတာပါ။

ဖတ်စ်ကုမ္ပဏီမဂ္ဂဇင်းက အဲဒီ အိုင်ဒီယာကို ကြိုဆိုခဲ့ပါတယ်။ သူတို့ရဲ့ နိုဝင်ဘာ ၁၅၊ ၂၀၁၀ ထုတ် မဂ္ဂဇင်းမှာ နည်းပညာနယ်ပယ်က ထင်ရှားပြီး သြဇာသက်ရောက်မှု အရှိဆုံး အမျိုးသမီးတွေ အကြောင်းကို ဖော်ပြခဲ့ပါတယ်။ အယ်ဒီတာ ရောဘတ်ဆာဖီယန်က ပွန်တာအင်စတီကျုကို အခုလို ပြောခဲ့ပါတယ်။ ဆီလီကွန်တောင်ကြားက အလွန်ကို လူဖြူတွေ များပြီး၊ အများစု ကလဲ အမျိုးသားတွေ ဖြစ်နေကြပါတယ်။ ဒါပေမယ့် အနာဂတ်မှာ အဲဒီလို ဆက်ဖြစ်မယ်လို့ ဖတ်စ်ကုမ္ပဏီက မယူဆပါဘူး။ အဲဒီအတွက် ကမ္ဘာ့ရွာကြီး ဘယ်ဘက်ကို ရွေ့လျားနေသလဲ ဆိုတဲ့ ပုံရိပ်ကို ပြသဖို့ သူတို့ကြိုးစားနေခြင်း ဖြစ်ပါတယ်တဲ့။ ဝိုင်ယာမဂ္ဂဇင်းက အဲဒီစကားကို ရင်ထဲ၊ အသည်းထဲအထိ နားထောင်ပြီး ဧပြီလ မျက်နှာဖုံးကို အမျိုးသမီးပုံနဲ့ သုံးခဲ့ပါတယ်။ အက်ဒါသစ်သီးစက်ရုံကို စတင်တည်ထောင်သူ လိုင်မာဖရိုင်းနဲ့ပါ။

ခေါင်းဆောင်ပိုင်းမှာ ရှိနေတဲ့ အမျိုးသမီးတွေရဲ့ ပုံရိပ်တွေ မီဒီယာထဲမှာ ပိုမိုပါရှိလာခြင်းက အထောက်အကူ ဖြစ်နိုင်ပါတယ်။ မကြာသေးမီက ထွက်ရှိခဲ့တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ စစ်တမ်း အရ မီဒီယာစီမံခန့်ခွဲရေး အလုပ်တွေရဲ့ ၇၃%ကို အမျိုးသားတွေက ရယူထားဆဲ ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ မသိစိတ်က ဘက်လိုက်ခြင်းတွေ၊ မမြင်နိုင်ခြင်းတွေကလဲ အဲဒီလို ဖြစ်စေပုံ ရပါတယ်။

ရှန်ကာဗန်ဒန်တမ်က “ဖုံးကွယ်ထားသောဦးနှောက်။ ကျွန်တော်တို့ရဲ့ မသိစိတ်တွေက သမ္မတကို ဘယ်လို ရွေးချယ်ကြသလဲ၊ ဈေးကွက်တွေကို ဘယ်လို ထိန်းချုပ်ကြသလဲ၊ စစ်ပွဲတွေကို ဘယ်လို တိုက်ခိုက်ကြသလဲ၊ ဘဝတွေကို ဘယ်လို ကယ်တင်ကြသလဲ” ဆိုတဲ့ စာအုပ်ကို ရေးသားသူ ဖြစ်ပါတယ်။ သူ့အဆိုအရ မသိစိတ်က ဘက်လိုက်ခြင်းတွေက ကျွန်မတို့ရဲ့ ဘ၀ အစိတ်အပိုင်းတွေထဲမှာ စီးမျောပျော်ဝင်နေပါတယ်။ အဲဒီအထုံးတွေကို ဖြေဖို့ ဆိုတာ အလွန်ကို ခက်ခဲပါတယ်။ အဲဒီအတွက် အကြံပြုချက်တစ်ခုက သတင်းဇာတ်လမ်းတိုင်းအတွက် အမျိုးသမီး သတင်း အရင်းအမြစ် တစ်ခု အနည်းဆုံး ရှိသင့်ပါတယ်တဲ့။ သူကိုယ်တိုင်က အဲဒီလို ပြောတဲ့ အယ်ဒီတာ၂ဦးနဲ့ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အစပိုင်းမှာ သူ အဲဒါကို လက်မခံချင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ သတင်းဇာတ်လမ်းတွေက ပိုမိုကောင်းမွန်လာပြီး သူ့ လုပ်ငန်းကလဲ ပိုမိုလွယ်ကူလာတဲ့ အတွက် အဲဒီလမ်းညွှန်ချက်ကို ပျော်ရွှင်စွာ လိုက်နာခဲ့ပါသတဲ့။

အခုအချိန်မှာ သတင်းဌာန တစ်ခုရဲ့ အယ်ဒီတာ အများအပြားထဲမှာ အနည်းဆုံး တစ်ဦးက အမျိုးသမီး အယ်ဒီတာ ဖြစ်နေပြီလား၊ မဖြစ်သေးဘူးလား ဆိုတာကို ကျွန်မ မသိပါဘူး။ ဒါပေမယ့် အဲဒီလို ဖြစ်ခြင်းက အလွန်ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်စေနိုင်ပါတယ်။ ဒဲလာ့စ်မောနင်းသတင်းဋ္ဌာနက ၁၉၉၄ခုနှစ်မှာ ပူလစ်ဇာဆုကို ရရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ အမျိုးသမီးတွေ အကြောင်းကို ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့တဲ့ အတွက် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသမီးသတင်းထောက်တစ်ဦးက သူတို့မှာ ဒေသခံ အမျိုးသမီး လက်ထောက်အယ်ဒီတာသာ မရှိခဲ့ဘူး ဆိုရင် အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်မကို ပြောပြပါတယ်။ အချို့ ဇာတ်လမ်းတွေကို အမျိုးသမီး သတင်းထောက်နဲ့ အမျိုးသမီး အယ်ဒီတာ အဲဒီဒေသမှာ မရှိဘဲ မရနိုင်ပါဘူးတဲ့။ အထူးသဖြင့် အမျိုးသမီးလိင်အင်္ဂါ ဖြတ်တောက်တဲ့ ကိစ္စရပ်မျိုးမှာ အမျိုးသားတွေက သတင်းယူဖို့ မဖြစ်နိုင်ပါဘူး။

အဲဒါက ထည့်သွင်းစဉ်းစားဖို့ အရေးလှပါတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒတွေက အမျိုးသမီးတွေ အပေါ်မှာ သဘောထားတွေ၊ ဆက်ဆံပုံတွေ ပြဿနာရှိနေတဲ့ အာဖဂန်နစ္စတန်လို နိုင်ငံမျိုးတွေနဲ့ ဆက်နွယ်ပတ်သက်နေတဲ့အတွက်ပါ။ အမေရိကန်စစ်တပ်တွေ အာဖဂန်နစ္စတန်ကနေ ထွက်ခွာ မသွားဖို့ ငြင်းခုံပြောဆိုရာမှာ အမျိုးသမီးတွေရဲ့ကံကြမ္မာက အဓိက ဖြစ်နေတယ်လို့ ဆိုပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့ပေါ်မှာ ရှိနေတဲ့ အမျိုးသားသတင်းထောက်တစ်ဦးက တွေ့ဆုံမေးမြန်းဖို့ အမျိုးသမီးတွေကို ရှာဖွေလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ကျေးလက်ဒေသတွေ၊ ရိုးရာအစွဲအလမ်းကြီးတဲ့ ဒေသတွေမှာတော့ အမျိုးသမီးတွေက သူစိမ်းယောက်ျားတစ်ယောက်ကို စကားပြောလို့ မရတဲ့အတွက် အဲဒီလိုဖြစ်ဖို့ မသေချာလှပါဘူး။

ကျွန်မတို့ ဒီအကြောင်းတွေကို ဆက်လက်ပြောဆိုနေဖို့ လိုအပ်ပါတယ်။ CBS သတင်းဌာနက လာရာလိုဂန်က အီဂျစ်နိုင်ငံ တာဟာရာစကွဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရက်ရက်စက်စက် ခံစားခဲ့ရပါတယ်။ အဲဒီလိုဖြစ်ပြီးတာနဲ့ လူအများက သူမကို ဝိုင်းပြီး အပြစ်တင်ကြပါတယ်။ ဒီလို သတင်းမျိုးကို ယူဖို့အတွက် အမျိုးသမီး တစ်ဦးကို မလွှတ်သင့်ဘူးလို့လဲ ဆိုကြပါတယ်။ အမျိုးသားသတင်းထောက်တစ်ဦးဖြစ်တဲ့ အန်ဒါဆင်ကူးပါးနဲ့ အဖွဲ့ကလဲ အဲဒီသတင်းကို ရယူရင်း တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့တော့ ဘယ်သူကမှ ဘာတွေ ပြောတယ်ရယ်လို့ မကြားသိရပါဘူး။

အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းကို ပိုမိုရောက်ရှိလာဖို့ အတွက် နည်းလမ်းတစ်ခုက အခြားအမျိုးသမီးတွေက သူတို့ကို ဦးဆောင်လမ်းပြပေးဖို့ပါပဲ။ စာနယ်ဇင်းနည်းပညာနှင့် အမျိုးသမီးများ နှီးနှောဖလှယ်ခြင်းအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးက အပြည်ပြည်ဆိုင်ရာ မီဒီယာကုမ္ပဏီကြီးတစ်ခုက အယ်ဒီတာပါ။ သူမက စာနယ်ဇင်းနည်းပညာနှင့် အမျိုးသမီးများ နှီးနှောဖလှယ်ခြင်းအဖွဲ့မှာ စံပြအမျိုးသမီးပုဂ္ဂိုလ်တွေကို တွေ့ခွင့် မရခဲ့ဖူး ဆိုရင် သူမ ဒီအသက်မွေးမှုလမ်းကြောင်းကို ဘယ်တော့မှ စဉ်းစားမိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါက အလွန်တော်တဲ့ ဂျာနယ်လစ်တွေ၊ ဒါမှမဟုတ် ကျွန်မတို့ စာနယ်ဇင်းနည်းပညာနှင့် အမျိုးသမီးများ နှီးနှောဖလှယ်ခြင်းအဖွဲ့ ကသာ ဆောင်ရွက်ရမယ့် ကိစ္စရပ် မဟုတ်ပါဘူး။ အားကောင်းပြီး အသက်ဝင်တဲ့ မီဒီယာတွေ ဖြစ်လာစေဖို့ ဘယ်သူမဆို ပါဝင်ဆောင်ရွက်လို့ ရပါတယ်။ သတင်းတွေကို ခွဲခြမ်းစိတ်ဖြာပါ။ နယူးရောက်တိုင်းမ် သတင်းစာမှာ ဖြစ်ခဲ့သလို သတင်းထဲမှာ အချက်အလက် ကွာဟမှုတွေ ဖြစ်ခဲ့ရင် ထောက်ပြ ပြောဆိုပေးပါ။ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေကို အမျိုးသမီးတွေထံကလဲ သတင်းရယူဖို့ အကြံပြုပါ။ အစစ်အမှန်ရဲ့ ပုံရိပ်ကို အပြည့်အ၀ ရရှိဖို့ ဆိုတာ အဲဒီအချက်တွေ အပေါ်မှာ မူတည်နေကြောင်းသတိရပါ။

ဒီဟောပြောချက်ကို ၁၉၈၇ခုနှစ်၊ ကျွန်မ လန်ဒန်မြို့မှာ ကျောင်းတက်နေစဉ်က ကြည့်ခဲ့ဖူးတဲ့ ဗီဒီယို အပိုင်းအစလေးနဲ့ အဆုံးသတ်ချင်ပါတယ်။ အဲဒါက ဂါးဒီယန်းသတင်းစာအတွက် ရိုက်ကူးထားတာပါ။ ကျွန်မ ဂျာနယ်လစ် ဖြစ်ဖို့ မစဉ်းစားမိသေးခင် ကာလ တစ်ခုက ဖြစ်ပါတယ်။

ရှုထောင့် တစ်ခုတည်းကပဲ ကွက်ပြီး ကြည့်တဲ့ အခါမှာ အမြင်မှားနိုင်ပါတယ်။ လူတစ်ယောက် ပြေးလာတာကိုပဲ ကွက်ပြီး ပြရင် သူ ပြေးနေတာကိုပဲ မြင်ပါမယ်။ ဘာကြောင့်မှန်း သိမှာ မဟုတ်ပါဘူး။ အခြားတစ်ဖက်ကနေ ကြည့်ရင် နောက်ထပ် အမြင်တစ်မျိုး ရနိုင်ပါတယ်။ လူတစ်ယောက်က ပြေးလာရုံတင် မကဘဲ အခြား လူတစ်ယောက်ကို တွန်းလိုက်တယ်လို့ မြင်ရရင် မြင်ကွင်းက အနည်းငယ် ပိုပြည့်စုံသွားပါလိမ့်မယ်။ ဒါပေမယ့် အခြေအနေ အားလုံးကို ပြည့်စုံစွာ မြင်ရမှသာ အမှန်တကယ် ဘာတွေ ဖြစ်နေသလဲ ဆိုတာကို သင် သိနားလည်ခွင့် ရမှာပါ။ အဲဒီလို တွန်းလိုက်တဲ့ အနေအထားကို ခြုံငုံပြီး မြင်ရအောင် ခပ်ဝေးဝေးက ရိုက်ပြမှ အတွန်းခံလိုက်ရတဲ့ လူပေါ်ကို အုတ်တွေ ပြိုကျခါနီးမို့လို့ ပြေးလာသူက တွန်းပြီး ကယ်တင်လိုက်ရတယ် ဆိုတဲ့ ဖြစ်ရပ်ကို မြင်နိုင်စွမ်း ရှိပါလိမ့်မယ်။

အဲဒီတော့ အခြေအနေတွေအားလုံးကို ပြည့်စုံစွာ မြင်နိုင်ခြင်းက ပိုမိုကောင်းမွန်တယ်ဆိုတာကို အားလုံး လက်ခံ
ကြမယ်လို့ ယူဆပါတယ်။


ကျွန်း


(Source: Women should represent women in media TED talk by Megan Kamerick)