Sunday, May 12, 2024

သိမြင်နားလည်မှု ပုံပျက်ခြင်း

၂၀၁၆ အောက်တိုဘာလ ၂၀ရက်နေ့ထုတ် Daily Eleven သတင်းစာထဲမှာ ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

စိတ်ပညာမှာရော ဗုဒ္ဓရဲ့ တရားတော်တွေထဲမှာပါ တူညီစွာ ပြောဆိုထားတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါက ကျွန်မတို့ရဲ့ စိတ်တွေက ကျွန်မတို့ကို လှည့်စားတတ်ပါတယ်တဲ့။ စိတ်ပညာမှာ ပြောထားတဲ့ စိတ်ကို လှည့်စားတဲ့ ပုံစံတွေထဲက တစ်ခုက သိမြင်နားလည်မှု ပုံပျက်ခြင်း(Cognitive Distortion) ဖြစ်ပါတယ်။ Cognitive Behavior Therapy လို့ ခေါ်တဲ့ သိမြင်နားလည်မှုဆိုင်ရာ ကုထုံးမှာ အသုံးပြုတဲ့ သဘောတရား တစ်ခုလည်း ဖြစ်ပါတယ်။

သိမြင်နားလည်မှု ပုံပျက်ခြင်းက ကျွန်မတို့ စိတ်ထဲမှာ အတွေးလွဲတွေကို အလိုအလျောက် ပေါ်ပေါက်လာစေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အဲဒီအတွေးတွေကို မှန်ကန်ကြောင်း သက်သေအထောက်အထား အနည်းငယ်မှမရှိဘဲနဲ့တောင် တွေးမိတတ်ကြပါတယ်။ အကျိုးသင့်အကြောင်းသင့် စဉ်းစားရာက ပေါ်ပေါက်လာတာမျိုးမဟုတ်ဘဲ စိတ်ထဲက ယုံကြည်ထားတဲ့အရာတွေကြောင့် အခြေအနေပေါ် မူတည်ပြီး ချက်ခြင်းအလိုအလျောက် ဖြစ်ပေါ်လာတဲ့ အတွေးမျိုးတွေပါ။ အတွေးလွဲတွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါလည်း တွေးမိတတ်ကြပါတယ်။ အလိုအလျောက် အတွေးတွေ ဖြစ်တဲ့အတွက် ရပ်ပစ်ဖို့လည်း ခက်ခဲတတ်ပါတယ်။ ရလဒ်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု၊ စိတ်မချမ်းမသာ ဖြစ်မှုတွေကို ခံစားကြရပါတယ်။ လူမှုရေး၊ အသက်မွေးမှု၊ ပညာရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး စတာတွေကိုလည်း ထိခိုက်စေတတ်ပါတယ်။ မိမိရဲ့ အမြင့်ဆုံး ဖြစ်နိုင်ခြေအထိ တိုးတက်ဖွံ့ဖြိုးနိုင်စွမ်းကိုလည်း ထိခိုက်စေတတ်ပါတယ်။

သိမြင်နားလည်မှု ပုံပျက်တဲ့ ပုံစံအမျိုးအစား အများအပြား ရှိပါတယ်။ အဲဒီအထဲကမှ ဖြစ်လေ့ဖြစ်ထ အရှိဆုံး အမျိုးအစား လေးမျိုးကို မျှဝေပေးချင်ပါတယ်။ ပထမအမျိုးအစားက အဖြူမဟုတ်ရင် အားလုံး အမည်းတွေချည်းပဲ ဆိုတဲ့ အတွေးမျိုးပါ။ စင်းလုံးချော ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဘာမှ သုံးလို့ မရတော့ဘူးဆိုတဲ့ အတွေးမျိုး၊ လုံး၀ အောင်မြင်တာ မဟုတ်ရင် ကျရှုံးတာပဲ ဆိုတဲ့ အတွေးမျိုးတွေ ဖြစ်ပါတယ်။ အဖြူအမည်းကြားမှာ မီးခိုး အနုအရင့်တွေ များစွာ ရှိတယ်ဆိုတာကို ထည့်မစဉ်းစားတဲ့ အတွေးမျိုးပါ။ အလယ်အလတ်ဆိုတဲ့ အနေအထားတွေ၊ ကြားမှာ ရှိတဲ့ အောင်မြင်မှု အဆင့်တွေကို ထည့်မစဉ်းစားတဲ့ အတွေးမျိုး ဖြစ်ပါတယ်။

နောက်ထပ် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အတွေးလွဲ ပုံစံတစ်ခုက ဖြစ်ရပ်တွေကို မိမိ လတ်တလော ခံစားရမှု အပေါ်မှာ မူတည်ပြီး တွေးခြင်း ဖြစ်ပါတယ်။ လက်ရှိ ခံစားလိုက်ရတဲ့ ခံစားချက်တွေ အပေါ်မှာ မူတည်ပြီး ဘဝကို မြင်ပါတယ်။ သက်သေအထောက်အထား ဘာတစ်ခုမှ မရှိပေမယ့် ငါ့စိတ်ထဲမှာ ဒီကိစ္စရပ်ကို မကောင်းဘူးလို့ ခံစားရတယ်၊ အဲဒီတော့ ဒီကိစ္စရပ်က မကောင်းဘူးလို့ တွေးတာမျိုး၊ ငါမင်းကို အရမ်းစိတ်ဆိုးနေတယ်၊ အဲဒီတော့ မင်းက အပြစ်ပေးမှုကို ရသင့်ရထိုက်တယ်လို့ တွေးတာမျိုး၊ ငါ စိတ်ပူနေတယ်လို့ ခံစားရတာ မင်းမဟုတ်တာ တစ်ခုခု လုပ်မှာမို့လို့ တွေးတာမျိုး၊ ငါ နေရထိုင်ရတာ မပျော်ဘူး၊ ဒီတော့ ငါ့ဘဝက အတော်လေး ဆိုးတယ်လို့ တွေးတာမျိုးတွေ ပါဝင်ပါတယ်။ အဲဒီလို အတွေးလွဲမျိုးတွေကို တွေးနေသူတွေမှာ အခြေအနေက သူတို့တွေးနေသလိုတွေ မဟုတ်ဘဲ အခြားတစ်မျိုးလည်း ဖြစ်နိုင်သေးတယ် ဆိုတာကို မြင်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။

နောက်ထပ် အတွေးလွဲ ပုံစံတစ်ခုက အဖြစ်အပျက်တွေကို ရှိရင်းစွဲထက် များစွာ ပိုမို ဆိုးရွားမယ်လို့ ပုံကြီးချဲ့တွေးတောခြင်း ဖြစ်ပါတယ်။ ဥပမာ လေယာဉ်စီးရင် မိမိစီးတဲ့ လေယာဉ်က ပျက်ကျမှာပဲလို့တွေးတာမျိုး၊ ပင်လယ်ကမ်းခြေမှာ ရေကူးရင် ငါမန်းကိုက် ခံရမှာပဲ ဆိုတာမျိုး၊ အလုပ် အင်တာဗျူး သွားဖြေရင် မိမိကို မေးသူတွေက ဝိုင်းရယ်ကြမယ် ဆိုတာမျိုး အလွန်ဆိုးရွားတဲ့ အပျက်ဘက်တွေကို တွေးနေတာမျိုး ဖြစ်ပါတယ်။

နောက်အတွေးလွဲ ပုံစံတစ်ခုက အရာရာက မိမိကြောင့် ဖြစ်ရတာ၊ အရာရာက မိမိရဲ့ အမှားတွေ၊ အရာရာက မိမိနဲ့ သက်ဆိုင်နေတယ်ဆိုတဲ့ ပုံစံနဲ့ တွေးခြင်း ဖြစ်ပါတယ်။ အဖေနဲ့ အမေ အိမ်ထောင်ကွဲတာ ငါ့ကြောင့် ဖြစ်ရတာ၊ ငါတို့ ဘောလုံး အသင်း ရှုံးတာ ငါ့ကြောင့်ဖြစ်ရတာ၊ ငါ ကိုယ်ဝန်ပျက်ကျတာ ငါက မကောင်းတဲ့ သူမို့လို့ စသဖြင့် တွေးတတ်တာမျိုးတွေ ပါဝင်တယ်။

အတွေးလွဲတွေ ဖြစ်ပေါ်လာတဲ့ ဥပမာလေး တစ်ခုကို ပြောရရင် ငယ်စဉ်မှာ မိဘတွေက လျစ်လျူရှုထားခြင်း ခံရပြီး၊ ပြစ်တင် ဝေဖန်မှုတွေ များစွာကို ခံစားခဲ့ရတဲ့ မိန်းကလေးတစ်ဦးရဲ့ ဖြစ်ရပ်ပါ။ တစ်ခုခု အမှားအယွင်း ဖြစ်တိုင်း သူမမှာ အပြစ် ရှိတယ်၊ အရာရာက သူမရဲ့ အပြစ်ပဲလို့ မိဘတွေက ပြောလေ့ရှိကြပါတယ်။ အဲဒီလို ကြီးပြင်းလာရတဲ့အခါ သူမရဲ့ အတွင်းစိတ်ထဲမှာ ငါ့မှာ အပြစ်အနာအဆာတွေ အများကြီး ရှိတယ်၊ ငါက ဂရုစိုက်ခံရဖို့၊ အလေးထားခံရဖို့ မထိုက်တန်တဲ့သူ၊ လူတွေ ငါ့ကို အလေးထားကြတာ ငါ့ဆီက တစ်စုံတစ်ခု လိုချင်လို့ပဲ အတွင်းစိတ်ထဲက တောက်လျှောက် ယုံကြည်လာခဲ့ပါတယ်။ သူမ အရွယ်ရောက်ပြီး နောက်မှာ ချစ်သူ ရှိလာခဲ့ပါတယ်။ တစ်ရက်မှာ သူမ ချစ်သူက “ငါ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အချိန်လိုတယ်” လို့ ဆိုပါတယ်။ အဲဒီစကားကို ကြားလိုက်တာနဲ့ သူမရဲ့ စိတ်ထဲမှာ အလိုအလျောက်ပေါ်လာတဲ့ အတွေးက “သူ ငါ့ကို စိတ်မဝင်စားတော့ဘူး၊ ငါတို့တော့ လမ်းခွဲကြရတော့မှာပဲ” ဆိုတဲ့ အဆင့်အထိပါ။ အဲဒီလို တွေးမိတဲ့ အတွက် ရုပ်ပိုင်းဆိုင်ရာမှာ ရင်ခုန်နှုန်းမြန်လာတာ၊ လည်ချောင်းဝမှာ တစ်ဆို့လာတာတွေ ဖြစ်လာပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာ ပူပန်သောက၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ ရလဒ်အနေနဲ့ အပြုအမူပိုင်းမှာ ချစ်သူထံက လမ်းမခွဲပါဘူး၊ သူမကို ချစ်သေးတယ်၊ စိတ်ဝင်စားသေးတယ်ဆိုတဲ့ စကားမျိုးတွေ ကြားရဖို့ တောင်းဆိုတာမျိုး၊ ဒါမှမဟုတ် အတွေ့မခံတော့ဘဲ နေလိုက်တာမျိုး၊ ဒါမှမဟုတ် ငိုတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

သိမြင်နားလည်မှု ပုံပျက်ခြင်းကို သိမြင်နားလည်မှု ပြန်လည်တည်ဆောက်ခြင်းနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။ အလိုအလျောက် ပေါ်လာတဲ့ အတွေးလွဲတွေကို မိမိဖာသာ မြင်လာပြီး၊ အသိအမှတ်ပြုလက်ခံဖို့ လိုအပ်ပါတယ်။ အခြေအနေ တစ်ခု ဖြစ်လာရင်၊ ဘယ်လို ခံစားချက်တွေ ဖြစ်ပေါ်လာသလဲ၊ မိမိ ဘယ်လို တွေးနေသလဲ ဆိုတာကို စောင့်ကြည့်မှတ်တမ်းတင်ရာက မိမိရဲ့ အတွေးလွဲတွေကို မိမိဖာသာမြင်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ အဲဒီအတွေးတွေက မိမိတွေးနေတဲ့ အနေအထား အပြင်၊ အခြားပုံစံတစ်မျိုးရော ဖြစ်နိုင်သေးသလား ဆိုတာကို ပြန်လည် ဆန်းစစ်ပြီး အခြားပုံစံနဲ့ မြင်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုအပ်ပါတယ်။ ဥပမာ ချစ်သူက သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အချိန်လိုတယ် ဆိုတာ တကယ်ကို သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အချိန်လိုတာ ဖြစ်နိုင်ကြောင်း၊ အခြားရည်ရွယ်ချက် မရှိကြောင်း မြင်ကြည့်တာမျိုးပါ။ အဲဒီမှာ အထောက်အကူ ဖြစ်နိုင်တာက မိမိရဲ့ အနေအထားကနေ ခွာပြီး တခြားသူ တစ်ဦး အနေနဲ့ ကြည့်ဖို့ဖြစ်ပါတယ်။ မိမိရဲ့ မိန်းကလေးသူငယ်ချင်းတစ်ဦးမှာ ချစ်သူ ရှိတယ်ဆိုရင် သူ့ချစ်သူက သူ့ရဲ့ အခြားသူငယ်ချင်းတွေနဲ့ တွေ့ဖို့ အချိန်လိုတာမျိုး ဖြစ်နိုင်သလား၊ အဲဒီလို ဖြစ်ခြင်းက အဲဒီသူငယ်ချင်းကို သူ့ချစ်သူက မချစ်တော့လို့လား၊ လမ်းခွဲချင်လို့လား ဆိုတာမျိုး တွေးကြည့်ရင် ပိုပြီး မှန်မှန်ကန်ကန် မြင်နိုင်လာပါလိမ့်မယ်။ ဒါ့အပြင် အဲဒီအတွေးတွေ ဖြစ်ပေါ်လာစေဖို့ အတွက် မိမိ ယုံကြည်ထားတဲ့ အရာ ဘာတွေ ရှိနေသလဲ ဆိုတာကို ရှာဖွေ ဖော်ထုတ် ဆန်းစစ်ကြည့်ဖို့လိုအပ်ပါတယ်။ မိမိကိုယ် မိမိ အသုံးမကျတဲ့သူ၊ တန်ဖိုး မရှိတဲ့သူ၊ ချစ်ခြင်းမေတ္တာကို မခံယူထိုက်သူ စသဖြင့် မြင်နေတာမျိုးတွေ ရှိသလား။ ရှိနေရင် အဲဒီယုံကြည်မှုတွေကို သိစိတ်နဲ့ ပြောင်းလဲဖို့ ကြိုးစားရပါမယ်။

အဖြစ်အပျက်တွေကို သုံးသပ်ဆန်းစစ်ကြည့်ဖို့အတွက် အထောက်အကူ ဖြစ်နိုင်တဲ့ နည်းလမ်းကလေးတွေ ရှိပါတယ်။ အဲဒါက အခြေအနေကို ဆုံးဖြတ်ကောက်ချက်ချခြင်း မပြုဘဲ အရှိအတိုင်း မြင်အောင်ကြည့်တာ၊ အဲဒီအတွေးအတိုင်း ကိုယ့်ကိုယ်ကိုယ် ပြောတဲ့အခါ ဘယ်လို ခံစားရသလဲလို့ မိမိကိုယ်မိမိ မေးတာ၊ အတွေးတွေ ပြောင်းလဲခြင်းရဲ့ ရလဒ်က ဘာရှိသလဲလို့ မိမိကိုယ် မိမိမေးတာ၊ တကယ်လို့ အဲဒီအကြောင်း မိမိရဲ့ သူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုဝင် တစ်ဦးကို ပြောပြရင် သူတို့က ဒါကို ဘယ်လို မြင်မလဲ ဆိုပြီး သူတို့နေရာက ဝင်တွေးကြည့်တာ၊ ဒီအတွေးမျိုးတွေ အရင်က တွေးခဲ့ဖူးသလား၊ အဲဒါတွေက မှန်ခဲ့ဖူးသလား ဆိုတာကို ပြန်သုံးသပ်ကြည့်တာ၊ အခြားသူတွေမှာရော ဒီလိုတွေ ကြုံရပြီး မိမိတွေးတဲ့ အခြေအနေမျိုး မဟုတ်တာတွေ ရှိဖူးသလားလို့ တွေးကြည့်တာ၊ သတင်းအချက်အလက်တွေကို အသုံးပြုပြီး သင့်တင့်မျှတစွာ တွေးနိုင်အောင် ဆောင်ရွက်တာတို့ ဖြစ်ပါတယ်။

မိမိရဲ့ အတွေးလွဲတွေကို သိမြင်လာရင် အဲဒီအတွေးတွေကို မိမိဖာသာ သတိပေးပြီး ရပ်တန့်ပစ်တာ၊ ဒါမှမဟုတ် ကောင်းတဲ့ အတွေးတွေ၊ သမာသမတ်ကျတဲ့ အတွေးတွေနဲ့ အစားထိုးတာတွေကို ဆောင်ရွက်လို့ ရပါတယ်။ အတွေးလွဲတွေထဲက အဖြူမဟုတ်ရင် အမည်းပဲဆိုတဲ့ အတွေး ပုံစံမျိုး တွေးမိရင် လက်တွေ့ဘဝထဲမှာ လုံး၀ ဖြူစင်နေတာ၊ လုံး၀ မည်းမှောင်နေတာရယ်လို့ မရှိဘဲ မီးခိုးနုရင့်တွေသာ များတယ် ဆိုတဲ့ ရှိပြီးသား အချက်ကို လက်ခံနားလည်ဖို့ လိုအပ်ပါတယ်။ အလွန်တော်တယ် ဆိုတဲ့ သူတစ်ဦးမှာလည်း ညံ့တာတွေ ရှိပါတယ်။ အလွန်ညံ့တယ် ဆိုတဲ့ သူတစ်ဦးမှာလဲ တော်တာတွေ ရှိပါတယ်။ ဘယ်အရာမှာမှ တစ်ရာရာခိုင်နှုန်း အကောင်းအဆိုး မရှိပါဘူး။

ခံစားချက်တွေ ပေါ်မှာ မူတည်ပြီး အကောင်းအဆိုး ဆုံးဖြတ်ချက် ချတတ်တဲ့ အတွေးလွဲတွေကို အရာရာက အဲဒီအတိုင်း အမှန်တကယ် ဖြစ်သလားဆိုတာ ပြန်လည်ဆန်းစစ်ပြီး ပြောင်းလဲလို့ ရပါတယ်။ မိမိ ညက အိပ်ရေးပျက်ထားလို့ စိတ်ထဲ မကြည်မသာ ဖြစ်နေတာက ဒီနေ့ ထွက်တဲ့ ခရီး၊ ဒီနေ့ လုပ်တဲ့ အလုပ် အဆင်ပြေခြင်း မပြေခြင်းနဲ့ သက်ဆိုင်တာ ဖြစ်နိုင်ပါ့မလား။ အရင်ကရော မိမိ အဆင်မပြေဖြစ်မယ်လို့ ခံစားမိတိုင်း အဆင်မပြေ ဖြစ်ခဲ့တာချည်းပဲလား၊ စသဖြင့် ပြန်လည်မေးခွန်းထုတ်ပြီး အစားထိုး တွေးတာမျိုးတွေကို ဆောင်ရွက်လို့ ရပါတယ်။ ရှိရင်းစွဲထက် ပိုပြီး ပုံကြီးချဲ့တွေးတဲ့ အနေအ
ထားမျိုးမှာလည်း သတင်းအချက်အလက် အထောက်အထားတွေကို ပြန်ကြည့်ခြင်းက အထောက်အကူဖြစ်နိုင်ပါတယ်။ ပင်လယ်ကမ်းခြေမှာ ရေကူးရင် ငါးမန်းကိုက်ခံရတာ ဘယ်နှစ်ယောက် ရှိသလဲ၊ လေယာဉ်စီးရင် လေယာဉ် ပျက်ကျနိုင်ခြေ ဘယ်လောက်များသလဲ စသဖြင့် ပြောင်းလဲပြီး တွေးကြည့်လို့ ရပါတယ်။ အရာရာက မိမိကြောင့် ဖြစ်တာ ဆိုတဲ့ အတွေးမျိုးမှာလည်း အရာရာက မိမိရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေကြောင်း၊ အရာရာက မိမိနဲ့ သက်ဆိုင်မနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် မြင်ကြည့်ခြင်းအားဖြင့် ပြောင်းလဲလို့ ရပါတယ်။ လိုအပ်ရင် သိမြင်နားလည်မှုဆိုင်ရာ ကုထုံးကို အသုံးပြုတဲ့ စိတ်ပညာရှင်တွေရဲ့ အကူအညီကို ရယူပြီး အတွေးတွေကို ပြန်လည်တည့်မတ်နိုင်ပါတယ်။

သိမြင်နားလည်မှု ပုံပျက်ခြင်းက လေးမျိုးမက ရှိပါတယ်။ Psychology Today ရဲ့ အင်တာနက် စာမျက်နှာမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သိမြင်နားလည်မှု ပုံပျက်ခြင်း အမျိုးအစားကို ၅၀အထိ ဖော်ပြထားတာ မှတ်သားဖူးပါတယ်။ အတွေးတွေက မိမိရဲ့ တန်ဖိုးထားမှု၊ ယုံကြည်မှုတွေကနေ ဖြစ်ပေါ်လာတာပါ။ အဲဒီအတွေးတွေကနေ ခံစားချက်တွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီခံစားချက်တွေကနေ ဆုံးဖြတ်ချက်တွေ ချမိတတ်ကြပါတယ်။ အဲဒီကနေ ဆောင်ရွက်မှုတွေ ပြုလုပ်တဲ့အတွက် ရလဒ်တွေ ထွက်ပေါ်လာပါတယ်။ မိမိ အတွင်းစိတ်ထဲမှာ ရှိနေတဲ့ မိမိရဲ့ အတွေးလွဲတွေကို သိမြင်နားလည်ခြင်းက အဲဒီအခြေအနေကို ကျော်လွှားပြီး ရလာမယ့် ရလဒ်တွေကို ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ မိမိ ဘ၀ တိုးတက်ဖွံ့ဖြိုးဖို့၊ မိမိရဲ့ အမြင့်ဆုံး ဖြစ်နိုင်ခြေကို ရောက်ရှိဖို့အတွက် အလွန်ကြီးမားတဲ့ အတားအဆီးက တစ်ခါတစ်ရံမှာ မိမိကိုယ်တိုင်ရဲ့ အတွေးတွေ ဖြစ်နေတတ်ပါတယ်။ အတွေးလွဲတွေကို ဖြစ်ပေါ်စေတဲ့ ယုံကြည်မှု လွဲချော်ခြင်းတွေကိုပါ သိမြင်ပြီး ပြင်ဆင်တည့်မတ်နိုင်ပြီ ဆိုရင်တော့ ရေရှည်အတွက်ပါ ပြောင်းလဲနိုင်စွမ်း ရှိလာပါလိမ့်မယ်။

အမေရိကန်နိုင်ငံက စိတ်ပညာရှင် Andrew Riley နဲ့ ပြည်တွင်းအဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Heal the World က ပို့ချတဲ့ အခြေခံစိတ်ပညာသင်တန်းထဲက အစိတ်အပိုင်း အနည်းငယ်ကို ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ်။

ကျွန်း